၂.၇.၂၀၂၀ ရက်နေ့၊ ၀၈၀၀ အချိန် ၊ ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက် ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်း ရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း ၀၈၄၀ အချိန် သတင်းရရှိ သဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒဏ်ရာရရှိသူ (၅၄)ဦးအား ဖားကန်းဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၀၉၃၀ အချိန်တွင် ရုပ်အလောင်း(၃၅)လောင်း၊ ၁၀၀၀ အချိန်တွင် ရုပ်အလောင်း (၁၅)လောင်း၊ ၁၁၁၀ အချိန်တွင် ရုပ်အလောင်း(၃၇)လောင်း၊ ၁၂၀၅ အချိန်တွင် ရုပ်အလောင်း(၂၆)လောင်း၊ ၁၅၃၅ အချိန်တွင် ရုပ်အလောင်း(၁၃)လောင်း၊ ၁၉၁၅ အချိန်တွင် ရုပ်အလောင်း(၃၆)လောင်း၊ စုစုပေါင်း ရုပ်အလောင်း(၁၆၂)လောင်းအား ဆယ်ယူနိုင်ခဲ့ပါသည်။

၃.၇.၂၀၂၀ ရက်နေ့တွင် ထပ်မံရှာဖွေလျက်ရှိရာ  (၁၀ ၀၀)အချိန်တွင် ရုပ်အလောင်း(၄)လောင်းအား ဆယ်ယူနိုင်ခဲ့ပြီး စုစုပေါင်း (၁၆၆)လောင်းအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။